06 November 2007

ဆေးလိပ်ဖြတ်တဲ့နေ့

အကျင့်ပါနေတဲ့လက်နဲ့ အကျင့်ပါနေတဲ့ ပါးစပ်မှာ

စီးကရက်တစ်လိပ်ကို သတိလက်လွတ်မီးညှိမိရုံ . . .

ဆေးလိပ်မသောက်တော့နဲ့ ဆိုတဲ့ အမေ့အတွက်

ဆေးလိပ်မသောက်နဲ့နော် ဆိုတဲ့ ညီမလေးအတွက်

စိတ်ကွက်လပ်ကို ဒီအတိုင်း ပြန်ထိုးချေလိုက်တယ် ။

ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်း တစ်ယောက်ကို

အကြောင်းအရာမဲ့ လမ်းခွဲလိုက်သလို ခံစားရတယ်

နံရံမှာ . . . မျက်နှာကျက်မှာ

အဆင်မပြေတာ တွေ့ရင် ခံတွင်းကချဉ်လာတာ

အတူနေတာကြာတဲ့ ချစ်သူတစ်ယောက်ကို လွမ်းသလိုမျိုး

ကျွန်တော်ခံစားရတဲ့ အခါ

ဦးနှောက်က ခဏခဏ ဗလာဖြစ်သွားတယ် ။

ဆေးလိပ်ဆန့်ကျင်ရေး ဦးတည်ချက်မပါ

ဆေးလိပ်မကောင်းကြောင်း အကြောင်းအရာများမပါ

ကျွန်တော့်စိတ်ခံစားချက် သက်သက်ကနေ

ခင်ဗျားစိတ်ခံစားချက်ဆီ လှမ်းပို့လိုက်မိတဲ့

ဗလာသက်သက် message တစ်ခုသာ ဖြစ်တယ် ။

ဘာကောင်မှတော့ မဟုတ်ပါဘူး

အိပ်ရာထတဲ့အခါ စောင်ခေါက်သိမ်းရမှာ ပျင်းတဲ့ကောင်

အပျင်းပြေ လေတောင်ဖြောင့်ဖြောင့်တန်းတန်း မချွန်တတ်တဲ့ကောင်

ဆေးလိပ်နဲ့ ကိုယ့်ကိုပြန်မချစ်တဲ့သူကိုမှ ချစ်ခဲ့တဲ့ကောင်

. . . . . . . . . . . . . . . . အဲဒီလိုကောင်

ဒီတိုက်ပွဲအောင်မြင်အောင် တိုက်နိုင်ခဲ့ရင်တော့ ဂုဏ်ယူမိမှာပဲ

သေချာတယ်

ကျွန်တော် သိပ်ဂုဏ်ယူမိမှာပါ ။

No comments: