06 November 2007

ဓါတ်ပုံဟောင်း

ဘယ်လိုလွှမ်းမိုးမှု မှမပါ

ဗလာသက်သက် အလွမ်းကိုထားပြီး

နီးမယောင်ယောင် ဝေးသွားခဲ့တာ သေချာပြီ . . .

အချစ်ကိုမှ မမြင်တတ်ရင်

နင် ရှင်သန်နေခဲ့တာ ဘယ်လိုအဓိပါယ်နဲ့လဲ

ဖြေပါ . . .

မပြောဘူး မရောဘူးနဲ့ စိတ်ကိုတင်းလည်း

ငါမနိုင်တဲ့ စိတ်က

အဲဒီ အတိတ်တွေ အပေါ်ပဲ ခုန် . . . ခုန်ချနေမှတော့ . . .

နေပါစေ . . .

ရေတွင်းထဲက ဆိုပေမယ့်

တခုတ်တရ ထုတ်ထုတ်ကြည့်နေခွင့်လေးမှာ

ငါ ဘယ်နှစ်ခါလဲပြိုပါစေဦးတော့ . . . ။

ဆေးလိပ်ဖြတ်တဲ့နေ့

အကျင့်ပါနေတဲ့လက်နဲ့ အကျင့်ပါနေတဲ့ ပါးစပ်မှာ

စီးကရက်တစ်လိပ်ကို သတိလက်လွတ်မီးညှိမိရုံ . . .

ဆေးလိပ်မသောက်တော့နဲ့ ဆိုတဲ့ အမေ့အတွက်

ဆေးလိပ်မသောက်နဲ့နော် ဆိုတဲ့ ညီမလေးအတွက်

စိတ်ကွက်လပ်ကို ဒီအတိုင်း ပြန်ထိုးချေလိုက်တယ် ။

ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်း တစ်ယောက်ကို

အကြောင်းအရာမဲ့ လမ်းခွဲလိုက်သလို ခံစားရတယ်

နံရံမှာ . . . မျက်နှာကျက်မှာ

အဆင်မပြေတာ တွေ့ရင် ခံတွင်းကချဉ်လာတာ

အတူနေတာကြာတဲ့ ချစ်သူတစ်ယောက်ကို လွမ်းသလိုမျိုး

ကျွန်တော်ခံစားရတဲ့ အခါ

ဦးနှောက်က ခဏခဏ ဗလာဖြစ်သွားတယ် ။

ဆေးလိပ်ဆန့်ကျင်ရေး ဦးတည်ချက်မပါ

ဆေးလိပ်မကောင်းကြောင်း အကြောင်းအရာများမပါ

ကျွန်တော့်စိတ်ခံစားချက် သက်သက်ကနေ

ခင်ဗျားစိတ်ခံစားချက်ဆီ လှမ်းပို့လိုက်မိတဲ့

ဗလာသက်သက် message တစ်ခုသာ ဖြစ်တယ် ။

ဘာကောင်မှတော့ မဟုတ်ပါဘူး

အိပ်ရာထတဲ့အခါ စောင်ခေါက်သိမ်းရမှာ ပျင်းတဲ့ကောင်

အပျင်းပြေ လေတောင်ဖြောင့်ဖြောင့်တန်းတန်း မချွန်တတ်တဲ့ကောင်

ဆေးလိပ်နဲ့ ကိုယ့်ကိုပြန်မချစ်တဲ့သူကိုမှ ချစ်ခဲ့တဲ့ကောင်

. . . . . . . . . . . . . . . . အဲဒီလိုကောင်

ဒီတိုက်ပွဲအောင်မြင်အောင် တိုက်နိုင်ခဲ့ရင်တော့ ဂုဏ်ယူမိမှာပဲ

သေချာတယ်

ကျွန်တော် သိပ်ဂုဏ်ယူမိမှာပါ ။

ဆော့ခရတ္တိရဲ့ ဖျော်ရည်

သေဆုံးခဲ့ပေါ့ မရှင်သန်ရခင် . . .

ငါတို့ ရင်းနှီးခြင်းက ခပ်ပါးပါး ကွဲကျသွားခဲ့

အတိတ်ကို ငေးရီ ငေးရီမိတိုင်း

ကိုယ့်ကိုယ်ကို သုညတွေ ပေးလိုက်ချင်ရဲ့

မနေ့က နေဝင်ချိန်တွေ ဒီနေ့လောက်မလှဘူး

ချစ်သူရေ

ငါပါ . . . ကြာလေရူးလေ . . .

မင်းကိုချစ်တဲ့စိတ်နဲ့ပဲ

တွေဝေခြင်းတွေ နာရေးကြော်ငြာထဲထည့်

ငါတို့ကြားက တံတားကို

ငါကိုယ်တိုင် အမှားနဲ့ခင်းခဲ့တယ်

အမြစ်က ကျွတ်ထွက်သွားခဲ့သူပါ

သိပ်အခြေခိုင်မယ်လို့ အထင်ကြီးမိတဲ့ နှလုံးသားခမျာ

ချစ်သူရေ

နာမည်ကျော် မင်းအပြုံးတွေကို ရှုံးခဲ့ပြီ ။

ကျွန်တော်ရေးပြီး သိမ်းထားတဲ့ကဗျာ

လူတွေက ကိုယ့်စိတ်ကို ပစ်ပေါက်ခွဲဖို့

အာရုံကျစရာ ပစ်ကွင်းတွေ လိုက်ရှာနေကြသလို

ညကလပ်များ . . . ဝီစကီခွက်များ

လက်သည်းဆိုးဆေးနီနီများ

သံပတ်ပေးထားတဲ့ အသွေးအသားများ

အားလုံးနဲ့ နေသားမကျတဲ့နောက်မှာ . . .

ကျွန်တော် ငတ်မွတ်နေတာ

တွယ်တာမှုတွေ ရောဖျော်ထားတဲ့ မျက်စောင်းလှလှလေးပါ

ဒီကဗျာကို ရေးဖို့အတွက်နဲ့

လူသိရှင်ကြား အမုန်းခံခဲ့တာလား

ရေခဲသေတ္တာထဲက ပန်းသီးလို

သဘာဝလွန်တဲ့အထိ လတ်ဆတ်နေတဲ့ချစ်ခြင်း

ပြတင်းပေါက်ကို ဖွင့်တော့လည်း

အရင်လို လေကောင်းလေသန့် မရတော့တာကအစ . . .

ဂုဏ်ယူပါ

မျှော်လင့်ထားတဲ့အတိုင်း

မင်းအမုန်းက တစ်ချက်ထဲ ကျင်းဝင်သွားကြောင်းပါ ။

သူလိုကိုယ်လိုလူ

အသည်းကွဲဖူးတယ်

စာမေးပွဲကျဖူးတယ်

စားနိုင်သောက်နိုင်ဖူးတယ်

ခေါင်းငုံသိမ်ငယ်ဖူးတယ်

သေချာကြည့်လိုက်တော့ ဘာတစ်ခုမှ မသေချာတော့ဘူး

မျက်လှည့်ဆရာ လက်ထဲက ဖဲချပ်လို . . . နှင်းဆီပွင့်လို

ဘဝက အပြောင်းအလဲ မြန်တယ် ။

အနိုင်ရသူအတွက် ရှုံးနိမ့်ပေးခဲ့ဖူးတယ်

အရှုံးပေးသူတွေကိုလည်း အနိုင်ယူခဲ့ဖူးတယ်

ခေတ်အကြိုက်ကိုလိုက်ရင်း . . . လိုက်ရင်း

တိုက်ခိုက်ဖို့ထက်

ခုခံကာကွယ်ဖို့က အရေးကြီးတာကို သဘောပေါက်စအရွယ် . . .

မနက်ဖြန်ဆိုတာ

ကျည်ဆန်ထွက်လာမယ့် သေနတ်ပြောင်းဝလား

ကြားလိုက်မိတဲ့ သီချင်းက

လူ့ဘဝဟာ ရခဲတယ် ဆိုလား . . . ။

28 October 2007

ဖျက်ရာ

တစ်ကပြန်စနေတာ အခါတစ်ရာ
အကြောင်းအရာထက် အမှားပြင်ဆင်ချက်ကပိုများ
ဘယ်နားနဲ့ နားထောင်မှ သူမအသံကို ကြားမှာလဲ
လက်ထဲမှာ အလွမ်းများ . . . ။

တစ်ဝက်ပဲ လင်းတဲ့ကြယ်လို
ကိုယ့်ကိုယ်ကို သိမ်ငယ်နေရုံကလွဲပြီး
အခါသုံးဆယ်မကတဲ့ ရှုံးနိမ့်ခြင်းမှာလည်း
ငါမင်းကို မမုန်းခဲ့ဘူး . . . ။

ဒီလိုပါ
နင်မချစ်သေးသမျှ
တစ်က ပြန် ပြန်စနေတာ အခါတစ်ရာ . . . ။