13 January 2010

မသေချာသော

နောက်ဆုံးလက်ကျန်အသိက

ငါတို့ချင်းနီးဖို့တံတားမရှိဘူး

မြင်သာရုံကိုယ်ထင်ပြတာလေးကိုမှ

အချစ်မှာအယုံလွယ်ခဲ့မိတာပါ ။


ရင်ခုန်သံကိုဘယ်မှာရေးရမှာလဲ

သွေးမတည့်သစ်သီးကိုစားခဲ့မိတာဆိုးတယ်

ခိုးထုပ်ခိုးထည်မိသွားတဲ့အကြည့်တစ်ချက်က

ဒုက္ခရဲ့ပထမဆုံးကြိုးစဖြစ်တယ် ။


ဖွင့်ထားတဲ့တံခါးကနေ

ဝင်လာတာလား

ထွက်သွားတာလားမသိရခင်

စိတ်တစ်ဝက်တစ်ပျက်အပြုံးလေးမှာ

အစ.....အဆုံး.....ကန်းခဲ့ရ ။ ။

11 January 2010

၈၄မုတ်သုန်ဖွား

ကိုယ့်စိတ္တဇနဲ့ကိုယ်

မောင်ချောနွယ်ဖတ်ရင်းကြီးတယ်

ကြည်ဇော်အေးဖတ်ရင်းကြီးတယ်

ကိုယ်အကြိုက်ဆုံးကဗျာလေးတစ်ကြောင်းလောက်

ကိုယ့်အရေပြားပေါ်မှာ

မှင်ကြောင်စုတ်ထိုးထားချင်တဲ့ဆန္ဒနဲ့ ။



ဆေးထိုးမှားမှာစိုးရိမ်လို့

သွေးရိုးသားရိုးတောင်မနာဖျားရဲခဲ့သူ

အချစ်ဦးမှာကျပျောက်ခဲ့တဲ့သော့

အသည်းကွဲတယ်ဆိုတာ

ကိုယ်ပေါ့ဆလို့များလား ။



အမှားတွေလုပ်တတ်လာ

မဟုတ်မဟပ်တွေအလုအယက်ပြော

တောရောက်တောင်ရောက်ယောင်ချာချာဘဝ

အနှေးပြကွက်မှာနောင်တတွေသာ

အချိန်လွန်ရထားလိုချနင်းသွား ။



ကိုယ့်လူရေ

အလကားရလို့သောက်တဲ့စီးကရက်မှာလည်း ကင်ဆာနဲ့

ငှက်တွေကအစအန္တရာယ်ရှိတယ်ဆိုတဲ့ခေါတ်မှာ

ကိုယ်တို့ဘယ်လိုကြိုတင်ပြင်ဆင်ထားနိုင်မှာမို့လဲ ။



အဝေးကြီးမတွေးဘူး

အခုလတ်တလောသေရေးရှင်ရေးကိစ္စက

ဒီကဗျာကို ကိုယ်ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ ။ ။

06 January 2010

သူငယ်ချင်းများ

ဗလာတစ်ခုနဲ့ ပြည့်နေတတ်တဲ့ဘ၀တွေမှာ

မင်းလည်းမင်းအမှားတွေနဲ့နေသားကျ

ငါလည်းငါ့အမှားတွေနဲ့နေသားကျ

သက်ပြင်းကချလိုက်တော့လည်းပြုတ်ကျမသွားဘူး

ဘ၀အမောခုနှစ်ဆယ်ရာခိုင်နှုန်းကို

ထင်ရာစိုင်းစိတ်ဓာတ် သုံးဆယ်ရာခိုင်နှုန်းနဲ့ခုခံခဲ့ကြ ။



အမှောင်ကတော့အရင်အတိုင်းပဲနေရာမရွေ့သေးဘူး

မတွေ့တာကြာလည်းမင်းကအရင်အတိုင်းပဲမလား

မူးလာရင်ခုနှစ်အိမ်ကြားရှစ်အိမ်ကြားရယ်လိုက်

အကြောင်းပြချက်မရှိပဲ ဆဲရေးလိုက်

ငါတို့အကျင့်စရိုက်အားလုံးကငါတို့ကိုယ်ပိုင်အမှတ်တံဆိပ် ။



ပျော်အောင်နေ

မနက်ဖြန်အကြောင်းစဉ်းစားရင်ဆံပင်ဖြူစောရုံ

ဝင်လာရုံ

ပြန်ထွက်သွားရုံ

သတိရရင်လက်ကျန်ခွက်ကိုမော့သောက်ရုံ



ဒါပဲလေ

ဒီထက်ပိုပြည့်စုံတဲ့ဘ၀ကိုတွေ့ရင်လည်း

မင်းဒီဘ၀လေးကိုလွမ်းမိဦးမှာပဲမလား ။ ။

တောင်ကြီး

မွန်းကျပ်တာချင်းအတူတူဆိုရင်တောင်

ဒီိမြို့ရဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုမှချစ်တယ်

တခြားနေရာမှာလျော့လာသမျှသွေးကို

ပြန်လာဖြည့်ချင်စရာမြို့ ။



အမေ့ရင်ငွေ့လိုလည်းနွေးနွေးထွေးထွေး

အဖေ့လက်ရုံးတွေအတိုင်းသန်သန်မာမာ

သူ့ရင်ငွေ့နဲ့ထွေးပွေ့

သူ့လက်တွေနဲ့ပွေ့ဖက်

နှစ်တစ်ရာကျော်မငြီးငြူစတမ်း

သူ့အပေါ်တင်သမျှအပြစ်တွေထမ်းလာတယ် ။


သုညမှတ်အောက်အေးလည်း

ဒီထက်နွေးတဲ့နေရာမတွေ့နိုင် ။ ။

01 January 2010

နင်မရှိတဲ့နေ့

ပြတင်းပေါက်ကနေကြယ်ကလေးတွေကိုငေး

ဒီအချိန်ဘာများလုပ်နေမလဲတွေးရင်

စိတ်ကူးနဲ့သူမပြုံးတာတွေ့တယ် ။



မနေ့ကတွေကိုမေ့လိုက်ပြီး

မနက်ဖြန်အတွက် မျှော်လင့်ချက်ကိုမီးလိုညှိတယ်

တွယ်တာစရာတစ်ခုလေးရှိရုံနဲ့

ဘ၀ကိုအကောင်းဖက်ကပြန်မြင်လာတယ်

'မ'ရေ.......

နင်ကငါ့ကိုအသူတရာထက်နက်တဲ့ချောက်ကမ်းပါးထဲ

မခုန်ချမိရုံဆွဲထားတဲ့ကြိုးကလေးပါ ။



ငါ့ခွန်အားက နင့်ပါးပေါ်ကရနံ့သေးသေးလေးမှာ

ငါ့အိပ်မက်က နင့်နဖူးက အလင်းနဲ့လက်နေတဲ့ချွေးစက်ကလေးမှာ

ငါ့အလင်းက နင်ငါ့ကိုစိတ်ဆိုးပြေလို့ ပြုံးလိုက်တဲ့အပြုံးမှာ

ငါကိုယ်တိုင်က နင့်လက်နဲ့ညှိယူလိုက်လို့လင်းလာမယ့်မီးတောက်ကလေးမှာ ။



ပြန်လာပါ 'မ'ရယ်

ငါတစ်သက်လုံးပြေးခဲ့ရတာအားလုံးထက်

နင်မရှိတဲ့ဒီတစ်ရက်က ပိုမောရလို့ပါ ။ ။

ပေါ့ပေါ့ပါးပါးသစ်သီး

ချစ်ခြင်းမေတ္တာမှာ သက်တမ်းကုန်ဆုံးတဲ့နေ့စွဲရှိသလား

ဒီထက်နောက်ကျရင် ဒီထက်အနံ့ပိုထွက်ရုံပေါ့

စောစောပုပ်သိုးခွင့်ရတာကိုပဲကျေနပ်လိုက်ရတယ် ။



မရှင်းပြနဲ့တော့

ဒီအရှုပ်အထွေး ငါတို့ယုံကြည်ချက်အကွဲအလွဲတွေအားလုံးအတွက်

နင်ပေးခဲ့တဲ့ မှတ်ချက်တွေလုံလောက်ခဲ့ပါပြီ

အမှန်တရားတွေများတော့

ငါတို့ဘယ်သူမှမမှားဘူးလို့ယူဆကြရုံပေါ့ ။



ပျော်သလိုနေပါ

ငါ့ကိုသတိရတိုင်း

နင့်နံဘေးက နှုတ်ခမ်းကိုနမ်းဖို့

နင်ရွေးချယ်သွားတဲ့ ရင်ခွင်ထဲတိုးဝင်လိုက်ဦးမလား

အချစ်ဆိုတာ နင်ပြောသလိုပေါ့ပေါ့ပါးပါးပေါ့ ။ ။