30 December 2009

ငါတို့အိမ်

ငါတို့အိမ်ကအမိုးမလုံ

ထမင်းငတ်ပြီးမသေရုံနဲ့

လူ့ဘ၀ဆိုတာပြည့်စုံပြီတဲ့လား ။



ရုပ်မြင်သံကြားကိုဖွင့်တော့လည်းအရင်အတိုင်း

နေ့စဉ်ထုတ်သတင်းစာတွေလည်းအရင်အတိုင်း

မြို့ထဲကလမ်းတွေမှာလည်းအရင်အတိုင်း

ငြီးငွေ့စရာမျက်နှာအားလုံး

ချွေးသိပ်အပြုံးကိုယ်စီနဲ့ ။



သိနေရင်မကောင်းတော့ဘူး

မသိသလိုနေတာကောင်းတယ်

ကယ်တင်ရှင်အယောင်ဆောင်ထားသမျှ

နောက်ကျောကဓားသွားများ ။ ။

ဒီနှစ်ဆောင်း

နှင်းတဝေေ၀

လမ်းပေါ်ကဂျစ်ပစီလေးလို

အအေးဓါတ်က လမ်းကြိုလမ်းကြားမကျန် ။



မီးလင်းဖိုနံဘေး

အနှေးပြကွက်မှာ ပြန်ကြည့်နေရသလို

အရင်ကစာမျက်နှာများ တဖျတ်ဖျတ်လှန် ။



ခြံစည်းရိုးပင်အောက်

မနက်မနက်သွားသွားကောက်နေကျ

ငယ်ဘ၀နေ့ရက်များအေးချမ်းစွ ။ ။

28 December 2009

အဝေးရောက်(၃)

ပြောခဲ့ဖူးသလို

ကံကြမ္မာကမိသားစုကို အပိုင်းပိုင်းပြတ်စေတယ်

ဘယ်သူ့ကိုမှမမုန်းဖို့က

ကိုယ့်ကိုယ်ကို ပြန်မုန်းလိုက်မှအဆင်ပြေမှာ

အဖေပြန်မလာတဲ့နေရာ

ကွက်လပ်ကကြာတော့ကျယ်သထက်ကျယ်လာ ။



ဒီနေရာမှာအဖေသားကိုမွေးခဲ့တာ

ဒီနေရာမှာအဖေသားကို ကတိတွေပေးခဲ့တာ

ဒီနေရာမှာ မိသားစုကိုထားခဲ့တာ

အိပ်မက်ကနိုးရင်

အိမ်တံခါးကို အရင်လိုထဖွင့်ပေးနေမိတုန်းပဲ ။



အိမ်မှာကရယ်သံအစစ်ကိုရှာမရဘူး

တခါတလေအမေကငေးငိုင်နေတာ

တခါတလေ ညီလေးကအိမ်ပြန်မအိပ်တာ

တခါတလေ မိသားစုက စကားမပြောမိတာ

အဖေသိလား ။



အဖေသိလား

အရင်လိုအိမ်ပြန်နောက်ကျတာပဲထင်လို့

အိပ်မက်ကနိုးရင်

အိမ်တံခါးကို အရင်လိုထဖွင့်ပေးနေမိတုန်းပဲ ။ ။

27 December 2009

ဝင်္ကပါ

အချိန်ကတော့နည်းလာပြီ

လာချင်ရင်ကြားကနံရံလည်းလမ်းပဲ

နေချင်ရင်တောကြီးမျက်မဲမှာလည်းမြို့တော်ပဲ

ချီတုံချတုံလူပင်လယ်ထဲမှာ

ငါလည်းဇဝေဇ၀ါမျောပါကောင်းတုန်း ။



အချိန်ကတော့နည်းလာပြီ

ဒီတွယ်နေတဲ့အမြစ်ကိုမြေလှန်ရမှာလား

ယိုနေတဲ့အမိုးကိုအကုန်ပြန်ဖြိုရမှာလား

တစ်ခုခုကို ဇဝေဇ၀ါ ။



လာချင်ရင်တော့လမ်းပဲ

ဒါပေမယ့်

ဝင်လာပြီးရင်ပြန်ထွက်ဖို့ကလည်းမလွယ် ။ ။

26 December 2009

အဝေးရောက် ( ၂ )

အဖေကရဲရင့်ခိုင်မာသလောက်

ကျွန်တော်ကအချိန်မရွေးရူးသွပ်သွားနိုင်တဲ့အထိပျော့ညံ့တယ်

အဲဒီနေ့တွေပြန်မတွေးချင်ဘူး ။



ပစ္စည်းတစ်ခုပြန်လာရွေးသလို

အဖေပြန်လာခေါ်တဲ့နေ့က ကျွန်တော်ပျော်ခဲ့မှာပဲ

ရူးသွပ်ခြင်းမှာကျွန်တော်ငိုကြွေးနေတာ

ဘယ်သီချင်းနဲ့မှမတိတ်တော့တဲ့နောက်

အဲဒီနေ့တွေပြန်မတွေးချင်ဘူး ။



အခု

မိသားစုက

တစ်ခြမ်းစီခွဲစိတ်ခံထားရတဲ့ပန်းသီးလိုအပိုင်းပိုင်းစိတ်လို့

ကိုယ့်ကိုယ်ကိုအပေါင်ဆုံးပစ္စည်းတစ်ခုလို့ခံစားရတဲ့

အဲဒီနေ့တွေပြန်မတွေးချင်တော့ဘူး ။



အဖေရေ

ကျွန်တော်တို့ပြန်ဆုံရအောင်ပါ ။ ။

25 December 2009

လုပ်လက်စများ

ဆပ်လက်စ၀ဋ်ကြွေးတစ်ခုလို ငါ့အလွမ်းကရူးရူးမူးမူး

လက်ပစ်ကူးလက်စအတိတ်ဟောင်းလေးက တစ်ဘ၀စာကျယ်ဦးမှာလား

ကြားလက်စသီချင်းက စုန်းမ စုန်း.......မ ။



ဆုံးရှုံးလက်စနဲ့ငါဘာကိုမှပြန်မမျှားချင်တော့တဲ့ဆန္ဒ

ကျလက်စစိတ်ဓါတ်ကိုဒီအတိုင်းပဲပြန်ထား

ကယ်ကူရာမဲ့လက်စဘ၀မှာ မနက်ဖြန်တိုင်းကလည်းသစ်

အချစ်ကိုမတွေ့တဲ့နောက်မှာ ရလက်စနောင်တကိုပဲနောင်တပြန်ရ

ကြေမွလက်စအသည်းအက်ရာထဲမှာ တခါကသနပ်ခါးနံ့လေးကလွင့်လွင့်ပျံ့ပျံ့

နာကျင်လက်စဒဏ်ရာအားလုံးကတစ်ခြမ်း

လွမ်းလက်စအလွမ်းအားလုံးကတစ်ခြမ်း နဲ့



ကွဲလက်စနှလုံးသားကတမြေ့မြေ့လောင်ကျွမ်းလို့ ။ ။

23 December 2009

အရိပ်

ငါ့ရှေ့မှာရပ်နေတဲ့မင်းက ငါ့ပုံစံအတိုင်းပါလား

ငါ့ဆိုးချင်မိုက်ချင်တဲ့စိတ်ကို မင်းကလည်းမတားဆီး

သောက်လက်စခွက်နဲ့ငါသီးသွားတော့လည်း မင်းကထုံးစံအတိုင်းပြုံး

(ဒီထက်လေ့ကျင့်ယူလိုက်ရင်အဆင်ပြေမှာပါ)

မင်းရဲ့အနက်ရောင်မိန့်ခွန်းမှာငါလည်းဦးချိုတကြွကြွနဲ့ ။



ငါတို့အသက်တွေကြီးလာပြီ ။


ပိုးဟပ်တွေအုပ်စုလိုက်တက်လာသလိုမျိုး

ငါ့အရိုးအရင်းထဲကမင်းတောင်းဆိုနေသမျှကို

ဒီနေ့ငါမလိုက်တော့ဘူးပြောလည်း မင်း မရမကခေါ်ချင်တယ်

မင်းယူလာတဲ့ဇိမ်ခံပစ္စည်းထဲမှာ

ငါ့ဝိညာဉ် ငါ့အနာဂါတ်ဟာပရုတ်လုံးလို လုံးပါးပါးလာ



နှင်ထုတ်လဲထွက်မသွားတဲ့ပေကပ်ကပ်မျက်နှာပေးနဲ့

ငါလှည့်ကြည့်တော့ပျောက် လိုက် ပေါ် လိုက်

မင်းကိုတိုက်ခိုက်လိုက်တိုင်းလည်း

ငါ့မှာမနိုင်မနင်းနဲ့ ။



အသက်တွေသာကြီးလာတယ် ။ ။

ပြန်တွေ့ကြတဲ့နေ့

မြက်ရိုင်းပင်လေးလိုအလေ့ကျ

ခံစားချက်က မိုးတွေညိုရုံနဲ့ရှင်သန်လာ

စက္ကန့်ဝက်ရဲ့ဆယ်ပုံတစ်ပုံစာ

မျက်ဝန်းနှစ်ခုဆုံရုံနဲ့

အရင်ကလို ရင်ကခုန်လာခဲ့


မနှောင့်ယှက်ပါနဲ့တဲ့လား

နင်မဖတ်ချင်တဲ့ကဗျာတွေကိုရေးလက်
စနဲ့

ငါကအခုထိ မိုက်မိုက်မဲမဲ

နာရီ နံရံ နေ့ရက်ပေါ်ကပင့်ကူမျှင်တွေလို

အချစ်ကို ဘယ်လိုဟောင်းနွမ်းစေရမလဲ


ကမ္ဘာတစ်ဝက်စာဖျတ်ခနဲအငေးကို

သိမ်ငယ်မှုနဲ့ပြန်သိမ်းရင်း

နင်လည်းနှုတ်မဆက်

ငါလည်း နှုတ်မဆက်နဲ့ ။ ။